နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ထပ်တိုး
(၁၃၊ မေ၊၂၀၀၈)
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူနှုန်းဟာ အရင်ခန့်မှန်းထားတာထက် တစ်ဆကျော်များကြောင်း ကုလသမဂ္ဂကပြောပါတယ်။
သေဆုံးသူဦးရေ (၂၁၆၀၀၀) ကျော်သွားပြီလို့ ကုလသမဂ္ဂက ခန့်မှန်းပြီးဒီသေနှုန်းဟာ (၂၀၀၄) ဆူနာမီငလျင်ရေလှိုင်းဒဏ်ထက် ပိုများတယ်လို့ ကုလသမဂ္ဂအရာရှိတွေကပြောပါတယ်။
မြန်မာအစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်ကတော့ သေဆုံးနဲ့ ပျောက်ဆုံး စုစုပေါင်း (၆၂၀၀၀)ကျော်ဖြစ်ပါတယ်။
နယ်မြေခံကယ်ဆယ်ရေးသမားတွေဆီက စုံစမ်းချက်အရ ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ ကျေးရွာ(၁၂၀)အနက် (၉၂) ရွာလုံးဝပျောက်သွားပြီး သေဆုံးသူပေါင်း (၁၈၀၀၀၀) ကျော်တယ်လို့ သိရှိရပါတယ်။
လပွတ္တာမြို့နယ်မှာသေဆုံးသူအနည်းဆုံး (၁၂၀၀၀၀)ခန့်ရှိမယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
‘‘ပဉ္စလူရွာကြီးတစ်ရွာတည်းကို သုံးရာလောက်ပဲရတယ်။ အိမ်လေးငါးထောင်ရှိတဲ့ရွာတွေတိုင်းမှာ တစ်ထောင်ရှိတဲ့ရွာ၊ နှစ်ထောင်ရှိတဲ့ရွာ၊ ငါးရာရှိတဲ့ရွာ တစ်ရာ နှစ်ရာလောက်ပဲကျန်တယ်’’
ရန်ကုန်တိုင်း ကွမ်းခြံကုန်းတစ်မြို့လုံး ပျက်စီးသွားပြီး လုံးဝပျောက်သွားတဲ့ရွာတွေများပါတယ်။
စစ်အစိုးရက နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကို ၀င်ခွင့်မပြုရင် မုန်တိုင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ရောဂါတွေကြောင့် လူတစ်သန်းခွဲလောက် အသက်ဆုံးရှုံးနိုင်တယ်လို့ Oxfam International နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့က တွက်ချထားပါတယ်။
DVB
|