မိဘမဲ့ကလေးငယ်များ လုပ်အားခနည်းနည်းဖြင့် ခိုင်းစေခံနေရ

နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားသည့် ကလေးငယ်များကို လုပ်အားခအနည်းငယ်မျှပေး၍ ခိုင်းစေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်။ မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်မှ ကလေးငယ်များမှာ ပျောက်ဆုံးသွားသည့် မိဘဆွေမျိုးများကိုလိုက်ရှာစဉ် ယခုကဲ့သို့ လုပ်အားခအနည်းငယ်သာ ပေး၍ ခိုင်းစေခံနေရခြင်း ဖြစ်ကြောင်းကယ်ဆယ်ရေးလုပ်ငန်းများတွင် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုများ လှုပ်ရှားသူ မာဗင်ပါဗက်က ပြောဆိုလိုက်ခြင်ြး ဖစ်သည်။ (ရိုးမသတင်း၊ ၂၀၀၈၊ ဇွန် ၉)

မုန်တိုင်းသင့်ဦးရေ၏ (၈) ရာနှုန်းသာ နိုင်ငံတကာကြက်ခြေနီ လခြမ်းနီ အကူအညီရ
ဇွန်လ (၂) ရက်ထိ နိုင်ငံတကာ ကြက်ခြေနီ လခြမ်းနီအဖွဲ့မှ ပေးသည့် အကူအညီရသူ မုန်တိုင်း သင့်ဦးရေမှာ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင်စုစုပေါင်း (၂) သိန်းနီးပါးရှိသည်ဟု နိုင်ငံတကာ ကြက်ခြေနီ လခြမ်းနီအဖွဲ့က ထုတ်ပြန်ထားသည်။ သို့သော် နိုင်ငံတကာ ကြက်ခြေနီလခြမ်းနီအဖွဲ့မှ ပေးသည့် အကူအညီရသူဦးရေမှာ မြန်မာနိုင်ငံရှိ မုန်တိုင်းသင့်ဦးရေ (၂.၄) သန်း၏ (၈) ရာနှုန်း သာရှိသည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၉)

နိုင်ငံတကာအကူအညီ ကုမ္ပဏီများ အမြတ်ထုတ်

မြန်မာနိုင်ငံ နာဂစ်လေဘေးအတွက် နိုင်ငံတကာက ပေးသည့် အကူအညီပစ္စည်းများကို ၎င်းတို့ ပေးသကဲ့သို့ ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင် ကုမ္ပဏီအချို့က အမြတ်ထုတ်နေကြောင်း ဧရာဝတီတိုင်းဘက်သို့ သွားရောက်အကူအညီပေးနေသည့် ပုဂ္ဂလိက အလှူရှင်များကပြောသည်။ နိုင်ငံတကာ က ပေးအပ်သည့် အကူအညီများတွင် ပစ္စည်းများနှင့် လေဘေးသင့်ဒေသသို့ သွားရောက်ကူညီမည့် ကျွမ်းကျင်ဝန်ထမ်းများ ပါဝင်သော်လည်း စစ်အစိုးရက ပစ္စည်းကိုသာ လက်ခံပြီး နိုင်ငံခြားသား ကျွမ်းကျင်သူများကို လေဘေးသင့်ဒေသသို့ သွားခွင့်မပြုသည့်အတွက် ရန်ကုန်၌ပင် လွှဲပြောင်းပေးရသည်။
ထိုသို့လွှဲပြောင်း ပေးသည်ကို စစ်အစိုးရနှင့် နီးစပ်သည့် လေဘေးသင့်ဒေသများတွင် ပြန်လည် တည်ဆောက်ရေး ကန်ထရိုက်လုပ်ငန်းများ လုပ်ဆောင် ခွင့်ရထားသော ဧရာရွှေဝါ၊ ထူးထရေးဒင်း၊ ရွှေသံလွင်၊ တက်လမ်း၊ အာရုံဦး စသည့် ကုမ္ပဏီများက လွှဲပြောင်းရယူခဲ့ကြသည့်အတွက် ယခုကဲ့သို့ ၎င်းတို့ လှူဒါန်းသကဲ့သို့ အမြတ်ထုတ်နိုင်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ပုဂ္ဂလိက လေဘေး ကယ်ဆယ်ကူညီရေးဆောင်ရွက်နေသူတဦးက ပြောသည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၉)

မုန်တိုင်းသတင်းများ အကြီးအကျယ် ဖြတ်တောက်

မြန်မာပြည်တွင်း တင်သွင်းသည့် နိုင်ငံခြားထုတ် မဂ္ဂဇင်းများတွင် ပါဝင်သည့် နာဂစ်မုန်တိုင်းဆိုင်ရာ သတင်းနှင့် သတင်းဆောင်းပါးများကို စာပေစိစစ် ရေးမှ ဖြတ်တောက် ဆုတ်ဖြဲပြီးမှ ဖြန့်ချိ ရောင်းချနေကြောင်း သိရသည်။ ပြည်တွင်းသို့ တရားဝင်လမ်းကြောင်းမှ တင်သွင်း သည့် Time, News Week, The Economist မဂ္ဂဇင်းနှင့် အခြားမဂ္ဂဇင်း၊ သတင်းစာများပါဝင်သည့် နာဂစ်မုန်တိုင်းဆိုင်ရာ သတင်းနှင့် သတင်းဆောင်းပါးများကို ဖြတ်တောက် ဆုတ်ဖြဲခြင်းဖြစ်ကြောင်း အင်းဝစာအုပ်တိုက်မှ ပုံမှန်ဝယ်ယူ ဖတ်ရှုနေသူတဦးက ပြောသည်။(ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၉)

ဂျပန်ဆေးအဖွဲ့မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

မုန်တိုင်းဘေးဒုက္ခသည်များအား ဆေးဝါးကုသပေးနေသည့် ဂျပန်ဆေးအဖွဲ့သည် လပွတ္တာ မြို့နယ်၌ (၉) ရက်ကြာ နေထိုင်ပြီး လူနာ (၁,၃၀၀)ကျော်တို့ကို ဆေးဝါးကုသပေးပြီးနောက် ဆေးခန်းနှင့် ဆေးပစ္စည်းကိရိယာများကို မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့ မည်ဖြစ် သည်။ ဒေါက်တာ Kaname Kanai ဦးဆောင်သည့် ဂျပန်ဆေးအဖွဲ့သည် မေ (၂၉) ရက်တွင် မြန်မာ နိုင်ငံသို့ ရောက်ရှိလာပြီး မေ (၃၁) ရက်၌ လပွတ္တာ မြို့နယ်ရှိ လေဘေးဒုက္ခသည် (၁၂,၀၀၀) ကို ကာကွယ်စောင့်ရှောက်ထားရာ ဒုက္ခသည်စခန်းများအနီး (၃) မိုင်စခန်းတွင် ယာယီဆေးခန်း ဖွင့်လှစ်ခဲ့ကာ ဆေးကုသပေးခဲ့သည်။ (ခေတ်ပြိုင်၊ ၂၀၀၈၊ ဇွန် ၉)

လေဘေးကယ်ဆယ်ရေး ပစ္စည်းများ မယက ရုံးစောင့် အိမ်တွင် ရောက်နေ

ဌာနပိုင်ငွေ ပျောက်ဆုံးမှုကို စုံစမ်းရာမှ မြို့နယ် အေးချမ်းသာယာရေး ရုံးစောင့်၏ နေအိမ်တွင် လေဘေး ကယ်ဆယ်ရေး ပစ္စည်းများ တွေ့သည်ဆိုသော အမှု တခု ခရမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ ရန်ကုန်တိုင်း ခရမ်းမြို့နယ် အတွင်းရေးမှူး၏ ရုံးခန်းမှ ငွေကျပ် (၁၇) သိန်း ပျောက်ဆုံးသွားသဖြင့် မေလ ၂၇ ရက်နေ့က ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့၍ ရဲက မယက ရုံးစောင့်ဖြစ်သူ ကိုအေးလှိုင်၏ နေအိမ်ကို ရှောင်တခင် ဝင်ရောက် ရှာဖွေရာမှ နိုင်ငံရပ်ခြားမှ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် လှူတန်းထားသော ကယ်ဆယ်ရေး ပစ္စည်းများကို ဖမ်းမိခြင်း ဖြစ်သည်ဟုဒေသခံများက ပြောကြသည်။ (မဇ္ဈိမ၊ ၂၀၀၈၊ ဇွန် ၉)

တပ်မ ၆၆ အကူအညီမပေးပဲ ဒုက္ခပေးနေကြောင်း ဒေသခံများပြော

ဘိုကလေးမြို့ နယ် ကဒုံကနိရွာတွင် တပ်စွဲထားသည့် တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းသည် ဒုက္ခသည်များကို စစ်တပ်အတွက် လိုအပ်သည့်အလုပ်များ ကို ခေါ်ခိုင်းနေသော်လည်း ဒုက္ခသည်များအတွက် လိုအပ်သည့် အကူအညီ ကိုမူ မပေးကြောင်းသိရ။(RFA ၂၀၀၈၊ ဇွန် ၉)

နောက်ဆုံးရောက် ကုလသမဂ္ဂ ရဟတ်ယာဉ်လေးစီး ပထမဆုံးပျံသန်း

ဇွန်လ ၇ရက် စနေနေ့ က မြန်မာနိင်ငံသို့  ရောက်ရှိသွားသည့် ကုလသမဂ္ဂ ရဟတ်ယာဉ်များသည် နာဂစ်မုန်တိုင်း တိုက်ခိုက်ခံရသည့် ဧရာဝတီတိုင်းရှိ ကျေးရွာများသို့  ဇွန်လ ၉ရက်က ပထမဆုံးအကြိမ်ပျံသန်းသွားပြီး ကယ်ဆယ်ရေးပစ္စည်းများပေးပို့ ကြသည်။(RFA ၂၀၀၈၊ ဇွန် ၉)


Copyright©2007 Emergency Burma Relief