၂၀၀၈၊ ဇွန် ၁၃။
ကိုယ်ဝန်ဆောင်အမျိုးသမီးများကို စောင့်ရှောက်ရန်လိုအပ်ဟု ကုလအဖွဲ့ပြော
ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များထဲတွင် ကိုယ်ဝန်ဆောင် (၃၅,၀၀၀) ဦးကို သင့်တင့်လျောက်ပတ်သည့် စောင့်ရှောက်မှုမျိုး ပြုလုပ်ရန် အရေးတကြီး လိုအပ်သည်ဟု ကုလသမဂ္ဂမှ ကျွမ်းကျင်သူတဦးက ပြောကြား သည်။(ခေတ်ပြိုင်၊၂၀၀၈၊ ဇွန် ၁၂)
မုန်တိုင်းသင့်ဒေသတွင် သတင်းမီဒီယာသမားများအား စောင့်ကြည့်ရန်စစ်အစိုးရ ညွှန်ကြား
နအဖ စစ်အစိုးရ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် (စရဖ) များက လေဘေးဒဏ်သင့် ကျေးရွာ များသို့ သွားရောက်ပြီး အဆိုပါ ရွာများကို ရောက်လာသူများအနက်မှ သတင်းမေးသူများ၊ အင်တာ ဗျူးလုပ်သူများ၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် မှတ်တမ်းတင်သူများ ရှိပါက ၎င်းတို့ထံ အမြန်ဆုံး သတင်း ပို့ရန် ညွှန်ကြားထား ကြောင်း သိရသည်။(ခေတ်ပြိုင်၊၂၀၀၈၊ ဇွန် ၁၂)
လေဘေးသင့်ဒေသရှိ ကျောင်းသားများ အခက်အခဲကြားမှ စာသင်နေရ
မုန်တိုင်းဒဏ်ဆိုးဝါးစွာ ခံစားရသည့်ဒေသများရှိ စာသင်ကျောင်းများကို တခြားဒေသများနည်းတူ ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ နေရာ မလုံလောက်မှုကြောင့် ကျောင်းသားများမှာ ခက်ခဲစွာ စာသင်ကြား နေကြရသည်ကို တွေ့ရှိရသည်။ (ဧရာဝတီ၊ ၂၀၀၈၊ ဇွန် ၁၂)
မြစ်ဝကျွန်းပေါ်ဒေသသို့ ၀င်ရောက်ကူညီခွင့် အပြည့်အ၀ ရမည်ဟု အာဆီယံအကြီးအကဲ ပြောကြား
အာဆီယံနှင့် ကုလသမဂ္ဂတို့မှ ကယ်ဆယ်ရေးကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့သည် နာဂစ် မုန်တိုင်းကျ ရောက် ရာဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ပြည့်ပြည့်၀၀ လုပ်ဆောင်ခွင့်ရရှိမည်ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်စ၀မ်က ပြော ကြားသည်။ (ခေတ်ပြိုင်၊၂၀၀၈၊ ဇွန် ၁၂)
၂၀၀၈ ခုနှစ် ဆန်အထွက်နှုန်း မနှစ်ကထက် (၁၂) ရာနှုန်းကျမည်
ဧရာဝတီတိုင်းမှာ စပါးစိုက်ဧက (၂) သန်းနီးပါး ပင်လယ်ရေကျန်ပြီး မိုးစပါးမစိုက်နိုင် ဖြစ်နေသည့် အတွက် ၂၀၀၈-၂၀၀၉ မြန်မာနိုင်ငံ ဆန်အထွက်နှုန်း မနှစ်ကထက် (၁၂) ရာနှုန်းကျသွားနိုင်သည်ဟု အမေရိကန် လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးဌာနက မှန်းထားသည်။ (ခေတ်ပြိုင်၊၂၀၀၈၊ ဇွန် ၁၂)
မုန်တိုင်းကြောင့် စပါးစိုက်ဧကပျက်စီးမှု တပြည်လုံး၏ (၆၀) ရာခိုင်နှုန်းရှိဟု အမေရိကန်အစိုးရမှန်း
မြန်မာနိုင်ငံမှာ မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ပြည်နယ်နှင့်တိုင်း (၄) ခု၏ စပါးစိုက်ဧက ပျက်စီး မှုသည် တပြည်လုံး စပါးစိုက်ဧက၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု အမေရိကန် လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြထားသည်။(ခေတ်ပြိုင်၊၂၀၀၈၊ ဇွန် ၁၂)
ကယ်ဆယ်ထောက်ပံ့ရေး လုပ်နေသည့် နိုင်ငံတကာ အန်ဂျီအိုများသို့ စစ်အစိုးရ၏ စည်းကမ်းချက်များ
နာဂစ်မုန်တိုင်းဒဏ် သင့်သူများကို အကူအညီပေးနေသည့် နိုင်ငံတကာ အန်ဂျီအိုများ လုပ်ငန်း ဆောင်ရွက် ရာတွင် လိုက်နာရမည့် ကန့်သတ်ချက်များကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦး စိုးသာက ရန်ကုန်မြို့ မော်ကွန်းတိုက် ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဇွန် ၁၁ ရက်က ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားသွားသည်။ (မဇ္ဈိမ၊၂၀၀၈၊ ဇွန် ၁၂)
သုံးပွင့်ဆိုင်အဖွဲ့ကို စောင့်ကြည့်ရန် ထောက်လှမ်းရေးများကို တာဝန်ပေး
မုန်တိုင်းဒဏ် ခံခဲ့ရသည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း အပျက်အစီးများကို လေ့လာ အကဲ ဖြတ်မှုများ ပူးတွဲ ပြုလုပ်လျက် ရှိကြသည့် သုံးပွင့်ဆိုင် ပင်မအုပ်စု 'Tripartite Core Group' (TCG) နှင့်အ တူ ပူးတွဲလိုက်ပါ တာဝန် ထမ်းဆောင်ရန် မြန်မာ စစ်အစိုးရက ထောက်လှမ်းရေး အရာရှိ ၂ ဒါဇင်ကျော်ကို တာဝန်ပေးအပ်ခဲ့သည်ဟု ဤအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်၏ အပြောအရ သိရပါသည်။ (မဇ္ဈိမ၊၂၀၀၈၊ ဇွန် ၁၂)
မြန်မာမုန်တိုင်းဘေးအတွက် ကုလတောင်းခံသည့် အလှူငွေ ထက်ဝက်သာရရှိ
မြန်မာစစ်အစိုးရက နိုင်ငံခြား ကယ်ဆယ်ရေးအဖွဲ့ များအပေါ် ကန့် သတ်မှုများပြုလုပ်နေ၍ နိုင်ငံတကာ အလှူ ရှင်များအနေဖြင့် စိုးရိမ်မှုများရှိနေသောကြောင့် ကုလသမဂ္ဂက ရည်မှန်းထားသည့် အလှူငွေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ အနက် တဝက်ခန့် သာ ရသေးသည်ဟု ကုလသမဂ္ဂက ဇွန်လ ၁၂ရက် တွင် ပြောဆို လိုက်သည်။ (RFA ၂၀၀၈၊ ဇွန် ၁၂)